The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

September 28, 2026

ဒုတိယဝန်ကြီးဦးခင်လတ်ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိထုံးကျောက်လုပ်ကွက်ကို ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းအတွင်းရှိ ဓာတ်သတ္တုထုတ်လုပ်ခွင့်ရန် ခွင့်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီများနှင့်တွေ့ဆုံ

ဝန်ကြီးဌာနသတင်းများ သတင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၇-၉-၂၀၂၆ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၃၃) အကြီးစားစက်ရုံ (ကျောက်ဆည် ဘိလပ်မြေစက်ရုံ)သို့ ရောက်ရှိရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက ဘိလပ်မြေ ထုတ်လုပ်ရန် လိုအပ်သော ထုံးကျောက်၊ ဂေါ်ဒန်ကျောက်၊ ရွှံစေးနှင့် ကျောက်မီးသွေး ရရှိရန် စီမံဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ၊ ဘိလပ်မြေထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ အမှတ်(၁)သတ္တုတွင်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဖြည့်စွက် တင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည့် စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်းများအား စဉ်ဆက် မပြတ် ရရှိနိုင်ရေး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင် ကျေးရွာရှိ ထုံးကျောက်အကြီးစား လုပ်ကွက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းအတွင်းရှိ ဦးစီးဌာန/လုပ်ငန်းရုံးခွဲများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပေးအပ်သည့်တာဝန်များအား စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်ကြရန်၊ လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စများအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် ၂၈-၉-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်ရှိ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ရုံးအဆောက်အဦသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်သတ္တု ထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးရမည့် ကိစ္စများအား မေးမြန်းကာ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများအရ ချုပ်ဆို ထားသည့် စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း များအား လိုက်နာစေရေး၊ ထုတ်လုပ်မှု ကိန်းဂဏန်းများ တင်ပြရာတွင် မှန်ကန်စေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အား အလေးထားလိုက်နာ ဆောင်ရွက်သွားရန် တာဝန်ရှိသူများနှင့် အတူ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။