The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

September 20, 2026

ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးဝင်းအတွင်း ရုံးအဆောက်အဦ ပြိုကျပျက်စီးမှုဖြစ်စဉ်အား သွားရောက်ကြည့်ရှု

ဝန်ကြီးဌာနသတင်းများ သတင်း သတ္တုတွင်းဦးစီးဌာန

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘူမိဗေဒပညာရှင်များ လိုက်ပါလျက် ၁၉-၉-၂၀၂၆ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်သတ္တုတွင်း ဦးစီးဌာနရုံးပေါ်သို့ ကျောက်တုံးလိမ့်ကျခဲ့ပြီး ရုံးအဆောက်အဦပြိုကျပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှု ခဲ့ပါသည်။

ဖြစ်စဉ်မှာ သတ္တုတွင်းဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးဝင်းအတွင်း၏ နောက်ကျောဘက်တောင် ကမ်းပါးပေါ်မှ ခန့်မှန်း အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေ၊ တန်ချိန် ၂၀၀၀ ခန့်ရှိ ကျောက်တုံးမှာ မြေသား မတည်ငြိမ်မှုကြောင့် အောက်ဖက်သို့ လိမ့်ကျခဲ့ပြီး သတ္တုတွင်းဦးစီးဌာန အုပ်ညှပ်တစ်ထပ်ရုံး အလျား ၈၀ ပေ၊ အနံ ၂၀ ပေ အဆောက်အဦအား ဝင်ရောက်တိုက်မိပြီး အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီးပြီး ရုံးတွင်းရှိ ရုံးသုံး ကွန်ပျူတာနှင့် ရုံးသုံးပစ္စည်းများအားလုံး ပျက်စီးခဲ့ကာ ဝန်ထမ်းနှင့် မိသားစုဝင်များ ထိခိုက်မှုမရှိဘဲ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားနိုင်ခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် အဆောက်အဦ ပျက်စီးမှု အခြေအနေများနှင့် ရုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ကာ ဝန်ထမ်းများနှင့် မိသားစုဝင် များအား တွေ့ဆုံအားပေးစကား ပြောကြားပြီး လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများ ဆောင်ရွက် ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်တုံးပြိုကျမှုဖြစ်ခဲ့သည့် နေရာသို့ သွားရောက် ကြည့်ရှု့ ခဲ့ပြီး မြေသားကြံ့ခိုင်မှု အားနည်းသော နေရာများအား ဘူမိဗေဒပညာရှင်များမှ မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးပြီး တွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက်များ ဆောလျင်စွာ တင်ပြသွားရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။