၂၀၂၆ ခုနှစ်၊ (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ်၊ (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ (၈)ရက်နေ့မှ (၁၇)ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ရတနာပြပွဲများတွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ချီးမြှင့် အသိအမှတ်ပြုခဲ့ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် ရတနာပြပွဲဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရခြင်းအပေါ် ဂုဏ်ယူကြစေလိုကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီး ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ထမ်းများ၊ ဆက်စပ်ဌာနများနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများကို အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း၊ နောင်ကျင်းပပြုလုပ်မည့် ရတနာပြပွဲများတွင် လည်း (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ စိတ်ဝင်စားမှုများပြားနိုင်သည့် ကျောက်အတွဲများ တင်ပြ ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိစေရန်အတွက် တာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (မြန်မာရူဘီအင်တာပရိုက်စ်)မှ ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်လတ်ကြီး နှင့် ဒေါက်တာသောင်းနိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ၂၀၂၆ ခုနှစ်၊ (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/ အမှုထမ်း စုစုပေါင်း (၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။