မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ (ကိုယ်စား) မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီအဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်း ပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲ ဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေများကိုလည်းကောင်း၊ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းထားသည့် ကော်မတီများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။












