သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သည် ၆-၇-၂၀၂၆ ရက် တနင်္လာနေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နေပြည်တော် မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်(One Map Myanmar)စီမံကိန်း အထောက်အကူပြုနည်းပညာဆိုင်ရာ သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်ရှိ ဒုတိယဝန်ကြီးများ၊ ဖြစ်ကြသည့် ဦးခင်လတ်ကြီးနှင့် ဒေါက်တာသောင်းနိုင်ဦး၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ မြေတိုင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ် (One Map Myanmar) စီမံကိန်းတွင် တွဲဖက်တာဝန် ထမ်းဆောင်နေကြသော ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော် အရာရှိများ၊ သင်တန်းပို့ချမည့် ဆရာများနှင့် သင်တန်းသား များ တက်ရောက်ကြသည်။
ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar)ကို မြေအသုံးချမှု စီမံအုပ်ချုပ်မှုနှင့် ဆက်စပ်ပတ်သက်နေသော အစိုးရဌာန/လုပ်ငန်းများ၏ မြေပြင်ဆိုင်ရာ ကိန်းဂဏန်းများ၊ သတင်းအချက်အလက်များ ကောက်ယူစုစည်းခြင်း၊ အတည်ပြုခြင်း၊ ပွင့်လင်းမြင်သာမှုရှိသော မြေအသုံးချစီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်ရန်၊ တိကျခိုင်မာသည့် မြေပြင်ဆိုင်ရာ ကိန်းဂဏန်းများ၊ သတင်းအချက်အလက်များ စနစ်တကျ သိမ်းဆည်းခြင်း ဆိုင်ရာနည်းပညာနှင့် မြေပုံထုတ်လုပ်ခြင်း နည်းပညာ တို့တွင် ခေတ်မီ နည်းပညာများနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြေပြင်သတင်းအချက်အလက်နှင့် ဆက်စပ်နေသည့် မြေပုံနှင့် ကိန်းဂဏန်းများအား ပြည်သူလူထုသို့ ဖြန့်ဝေနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်(၃)ခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ One Map Myanmar စီမံကိန်းလုပ်ငန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြေတိုင်းဦးစီး ဌာနမှ Focal Department အဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများကို မြေတိုင်းဦးစီးဌာနမှ ဦးဆောင်၍ ဝန်ကြီးဌာန၊ ကော်မတီ အသီးသီးမှ အဖွဲ့ဝင် (၃၅)ဦး ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ One Map Myanmar Geoportal Platform ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စတင်ဆောင်ရွက်ခဲ့ရာ စီမံကိန်းရဲ့ သတင်းအချက် အလက်တွေကို ချိတ်ဆက်အသုံးပြုနိုင်မယ့် One Map Myanmar Geoportal Platform စနစ်ဒီဇိုင်းကို ပြည်သူများအသုံးပြုမည့် Public Website နှင့် အစိုးရဌာနများအသုံးပြုမည့် Government Website ဟူ၍ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး Government Website သည် စတင်အသုံးပြုနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများဟာ ဌာနအသီးသီးမှ ကိုယ်စားပြု လာရောက်သူများ ဖြစ်သည့်အတွက် သင်တန်းမှပို့ချသည့် သင်ခန်းစာများအား ကြိုးကြိုးစားစား လေ့လာပြီး မိမိတို့ဌာနသို့ ပြန်လည်ရောက်ရှိသည့်အခါမှာလည်း သင်ယူခဲ့သည့် ပညာရပ်များကို ပြန်လည်မျှဝေ သင်ကြားပေးကြရန် မှာကြားသည်။
ယခု ဖွင့်လှစ်သည့် သင်တန်းအမှတ်စဉ် (၄) သို့ ဦးစီးဌာန/ လုပ်ငန်း/ ကော်မတီ/ တိုင်းဒေသကြီး/ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၇၀)ဦး တက်ရောက်ပြီး ၆-၇-၂၀၂၆ ရက်နေ့မှစ၍ ရက်သတ္တပတ်နှစ်ပတ်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် မြေတိုင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားကာ တက်ရောက်လာသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် တိုင်းတာရေး ကိရိယာများနှင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ပူတွဲတိုင်းတာရေးဆွဲထားသည့် နယ်နိမိတ် မြေပုံများ၊ စာချုပ်စာတမ်းများ၊ နယ်နိမိတ်မှတ်တိုင်နမူနာပုံစံများကို လှည့်လည်ကြည်ရှု စစ်ဆေးခြင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) လုပ်ငန်းဆောင် ရွက်နေသည့် ICT Team, GIS Team နှင့် Web Development Team မှ အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။





