သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၅/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၃-၁၀-၂၀၂၅ ရက်နေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြပါသည်။
ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကို က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ဝန်ကြီးရုံးရှိ မော်တော်ယာဉ်များ အသုံးပြုနေမှု အခြေအနေနှင့် ပြင်ဆင်စရိတ်များ သုံးစွဲမှု အခြေအနေ များကို တင်ပြခဲ့ပါသည်။ ၎င်းဌာနခွဲမှ ယာဉ်မောင်း-၅ ဦးဇင်ကိုထက် က ရာထူးတိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်၍ တင်ပြခဲ့ပြီး ဆက်လက်၍ ၎င်းဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ဇော် က ပြည်ထောင်စုဝန်ကြီးရုံး၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးခန်းမအတွင်း အသုံးပြုလျက်ရှိသော မိုက်ခရိုဖုန်းများ၊ ကွန်ပျူတာများအား ပြုပြင်ပေးနိုင်ရေး တင်ပြခဲ့ပါသည်။ ပြည်တွင်း/ပြည်ပ ဆက်ဆံရေး နှင့်သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စန်းဝင်း က ပြည်ထောင်စု ဝန်ကြီးရုံးရှိ ဝန်ထမ်းများအတွက် အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ဂျပန်ဘာသာ၊ ရုရှားဘာသာ ဘာသာစကားသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးစေလိုပါကြောင်းနှင့် ယာယီနေထိုင်ခွင့်ပြုထား သော ဘာရှာတွင် နေထိုင်နေကြသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့သုံးစွဲမှုမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ စည်းကမ်းရှိစွာဖြင့် စွန့်ပစ်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာဆွေ က ပြည်ထောင်စုဝန်ကြီးရုံးရှိ အရာထမ်း/အမှုထမ်းများ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များအား လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပါသည်။ ထို့နောက် ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင်၊ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဒေါ်နီလာဇင်၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အာင်မိုး၊ မူဝါဒနှင့်ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်း စစ်ဆေးရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးနေလင်းနိုင်၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးစိုးနိုင်တို့က မိမိတာဝန်ယူ ဆောင်ရွက်နေသည့် ဌာနခွဲ အလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်သိန်းက နေရပ်ပြန်မည့်ဝန်ထမ်းများ လမ်းခရီး တွင် သတိဖြင့် သွားလာကြရန်၊ အရည်အချင်း ရှိသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ ရုံးတွင် အသုံးပြုသော ဖယ်ရီကားများအား ယာဉ်မောင်းများမှ စနစ်တကျ ထိန်းသိမ်းကြရန်၊ ရုံးယူနီဖောင်းဝတ်ဆင်ထားသည့် ပုံများအား Social Media များတွင် တင်ခြင်းများ မပြုလုပ်ကြရန်၊ မိမိတို့အသုံးပြုနေသော ရုံးသုံး ကွန်ပျူတာများအား ရိုသေစွာ အသုံးပြုကြရန်၊ မိမိတို့ဆောင်ရွက်နေသော အမှုတွဲများအား ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားကြရန်၊ စာကြည့်တိုက်အတွင်း e-library ထားရှိအသုံးပြုရန်နှင့် ဆန္ဒမဲပေးမည့်ကိစ္စနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးပြောကြားပါသည်။
ပြီးနောက် ဒုတိယဝန်ကြီးက ပိတ်ရက်များတွင် သွားသတိ၊ လာသတိရှိရန်၊ ဆန္ဒမဲပေးရန်အတွက် မဲစာရင်းတွင် မိမိတို့နာမည် ပါ/မပါ၊ စာရင်းမှန်ကန်မှု ရှိ/မရှိကို သက်ဆိုင်ရာနေရာများသို့ သွားရောက် ကြည့်ရှုစေလိုကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဝန်ထမ်းများ၏ လိုအပ်ချက်များအား နောင်တွင် ကျင်းပမည့် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲတွင် တင်ပြကြရန်နှင့် မီးဘေးအန္တရာယ် သတိပြုကြရန် ပြောကြားပြီး လိုအပ်ချက် များအား ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။















