၂၀၂၅ ခုနှစ် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၆၉၅ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
ထို့ပြင် ပြပွဲနဝမနေ့တွင် ရောင်းချမည့် အုပ်စု(စီ) အတွဲအမှတ်(၃၆၅၁)မှ (၄၄၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်း ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ကြေညာ သွားမည်ဖြစ်သည်။
ယနေ့ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျောက်စိမ်းအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ကျန်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၆ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။













