သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း၏ ဝါးလက်မှုထုတ်ကုန်ပစ္စည်းအမျိုးမျိုး စျေးကွက်မြှင့်တင်ရေးနှင့် အရောင်းပြပွဲကို ယနေ့နံနက် ၉ နာရီတွင် Kumudra Grand Ballroom, Hotel Max, Naypyitaw ၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဝါးသည် ကမ္ဘာပေါ်တွင် အကြီးမြန်ဆုံးအပင်များအနက် တစ်မျိုးဖြစ်ပြီး အချိန်တိုအတွင်း အသုံးချနိုင်သော အရွယ်အစားရရှိသည့်အပြင် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏများစွာကို စုပ်ယူနိုင်ပြီး ရေတိုက်စားမှုကိုလည်း အထူးကာကွယ်ကြောင်း၊ ဝါးလက်မှုလုပ်ငန်း ဖွံဖြိုးရေးအတွက် ခြေလှမ်းအသစ်ဖြစ်ရုံသာမက ရေရှည်တည်တံ့သော စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပြိုင်တည်း အထောက်အကူ ပြုနိုင်ကြောင်း၊ ထိုပြင် စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် တတိယဦးတည်ချက်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောကဏ္ဍအနေဖြင့် သစ်၊ ကြိမ်၊ ဝါး အသုံးပြုထုတ်လုပ်သော စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုမြင့်မားလာစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပြည်တွင်း/ ပြည်ပ စျေးကွက်များ ရရှိရေးနှင့် နည်းပညာများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ အနာဂတ်ကာလတွင် ဝါးလက်မှုကဏ္ဍကို ဆက်လက်ဖွံဖြိုးစေရန် အားလုံးပူးပေါင်း လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဝါးလက်မှုလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ ပညာရှင်များက အုပ်စုဖွဲဆွေးနွေးခဲ့ကြပြီး သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

