The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

October 10, 2026

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ

ဝန်ကြီးဌာနသတင်းများ သတင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း

၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန် သည်များဖြင့် စည်ကားလျက်ရှိသည်။ 

နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့်ပုလဲအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက်သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက်ရတနာကုန်သည်များက ပြပွဲတွင်ရောင်းချမည့်ပုလဲအတွဲများကို ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ 

မွန်းလွဲပိုင်းတွင် တင်ဒါအမှတ် (၃)မှ ပုလဲအတွဲ(၁၀၀)တွဲ၏ အတွဲ အမှတ် (၂၄၁)မှ အတွဲအမှတ် (၃၄၀) အထိ လည်းကောင်း၊ တင်ဒါအမှတ် (၄)မှ ပုလဲအတွဲ (၁၂၀)တွဲ၏ အတွဲအမှတ် (၃၄၁) မှ အတွဲအမှတ် (၄၆၀) အထိလည်းကောင်းတင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများကဖွင့်ဖောက် စစ်ဆေးကာ ယနေ့တွင် ပုလဲအတွဲ ပေါင်း ၁၉၆ တွဲ ရောင်းချခဲ့ရကြောင်းကြေညာပေးခဲ့သည်။

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပုလဲအတွဲ များ တင်ဒါဖွင့်ဖောက်စစ်ဆေးမှုနှင့် တင်ဒါအောင်သည့် ပုလဲအရောင်းစာရင်းများ ထုတ်ပြန်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြပွဲစတုတ္ထနေ့တွင် တင်ဒါအမှတ် (၅)မှ ပုလဲအတွဲ (၁၂၀)တွဲ၏ အတွဲအမှတ် (၄၆၁) မှ အတွဲ အမှတ် (၅၈၀) အထိကို လည်းကောင်း၊ တင်ဒါအမှတ်(၆)မှ ပုလဲ အတွဲ (၁၂၀)တွဲ၏ အတွဲအမှတ် (၅၈၁)မှ အတွဲအမှတ်(၇၀၀) အထိ လည်းကောင်း၊ ပြပွဲပဉ္စမနေ့တွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အတူ အုပ်စု (အေ၊ ဘီ၊ စီ) သုံးအုပ်စု ခွဲခြားထားသည့် ကျောက်စိမ်း အတွဲပေါင်း ၃၀၇၃ တွဲအနက် အုပ်စု(အေ) နှင့် အုပ်စု (ဘီ) မှ ကျောက်စိမ်း အတွဲပေါင်း ၁၆၀၅ တွဲကို အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိလည်းကောင်း၊ အုပ်စု(စီ) မှ ကျောက်စိမ်းအတွဲ ပေါင်း ၁၄၆၈ တွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိ လည်း ကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည်။

ထို့ပြင် မဏိရတနာကျောက် စိမ်းခန်းမအတွင်း ပုဂ္ဂလိက ကျောက်မျက်နှင့် လက်ဝတ် ရတနာအရောင်းဆိုင်များ ကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပြီးအဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို အောက်တိုဘာ ၈ ရက်မှ စတင် ကျင်းပခဲ့ရာ အောက်တိုဘာ ၁၇ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်