သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်း ရေဝေရေလဲ ဧရိယာအတွင်းရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန် ရေဝေရေလဲဧရိယာအတွင်းရှိ အင်းလေး အနောက် ကြိုးပြင်ကာကွယ်တောတို့အတွင်းရှိ တောနိမ့်တောပါး၊ ကွက်လပ် ဖြစ်ပေါ်နေသော တောင်ကုန်းများတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခြင်းကို ၂၃-၈-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်း ရေဝေရေလဲ ဧရိယာအတွင်း လွှဘုံကြိုးဝိုင်း အကွက်အမှတ်(၂၀) ရှိ ဧရိယာ (၁၀.၄) ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင် အမျိုးအစား (၅) မျိုးဖြစ်သည့် မြန်မာကုက္ကိုလ်၊ စစ်၊ စိန်ပန်း၊ မယ်ဇလီ၊ ဘောစကိုင်း သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း (၁၀၀,၀၀၀)လုံးကြဲချခြင်းအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ၊ နေပြည်တော်လေတပ်စခန်း စခန်းမှူး၊ တပ်မတော်(လေ)မှ တပ်မတော်သားများ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ၀၉:၃၆ နာရီအချိန်တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရေဝေရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာ(၈၆၆)ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား (၃) မျိုးဖြစ်သည့် ကုလားကုက္ကိုလ်၊ ဘောစကိုင်း၊ အော်ရီးရှား သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း (၂၀၀,၀၀၀) လုံး ကြဲချခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်စီးပွားရေးရာ ဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမြင့်၊ တပ်မတော်(လေ)မှ တပ်မတော်သားများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ၁၁:၀၆ နာရီမှ ၁၁ :၄၅ နာရီအထိ ရဟတ်ယာဉ်ဖြင့်(၂)ခေါက် ကြဲချခဲ့သည်။
သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ် ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့် စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန် အောင်မြင်မှု အထိုက်အလျောက် ထိရောက်မှုရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေ ရေလဲဒေသအတွင်းနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက် ကြိုးပြင် ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှုအခြေအနေများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုး အလိုက်ပေါက်ရောက်မှု၊ ရှင်သန်နိုင်မှု အခြေအနေကို စာရင်းကောက်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။


