သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၆/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၁၂-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်သိန်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြပါသည်။
ဒုတိယဝန်ကြီးက မကြာခင်ကာလအတွင်း ၂၀၂၅ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၆ ခုနှစ် နှစ်သစ်သို့ ရောက်ရှိတော့မည်ဖြစ်သောကြောင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နှစ်ဟောင်းကုန်၍ နှစ်သစ်ကာလတွင် ရုံးလုပ်ငန်းတာဝန်များအား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်နိုင်ကြပါစေကြောင်းဖြင့် ပထမဦးစွာ ဆုမွန်ကောင်း တောင်းပေးပါကြောင်း၊ ရုံးအမှတ်(၁၉)၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့် လုပ်ငန်းများအပေါ်တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု (HR)အနေဖြင့် အသိပညာ၊ အတတ်ပညာများ အမြဲမပြတ် သင်ယူဆည်းပူးလေ့လာ ဖြည့်ဆည်းနေရမှာ ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် အခက်အခဲများရှိပါက အချိန်မရွေး လာရောက်တင်ပြကြစေလိုပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများသည် ရသည့်အချိန်တွင် စာကြည့်တိုက်၌ စာများများဖတ်ကြရန်တိုက်တွန်းလိုပါကြောင်းနှင့် ဖတ်ရှုလိုသော ပြင်ပစာအုပ်များရှိပါက ဝယ်ယူပေးစေလိုသည့် စာအုပ်အမည်များကို အကြံပြုချက်စာအုပ်၌ ရေးသားပေးခဲ့စေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ ဦးစီးမှူး ဒေါ်နေနိုင်သော်က မကြာမီရက်အတွင်း ရုံးအကူရာထူးနေရာ (၄)နေရာအတွက် နိုင်ငံပိုင် သတင်းစာတွင် ကြော်ငြာခေါ်ယူပြီး စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ဝန်ကြီးရုံးရှိ အကျုံးဝင် နေ့စားဝန်ထမ်းများက ဝင်ရောက်ဖြေဆိုကြစေလိုပါကြောင်းကို ဆွေးနွေးပြောကြားပါသည်။ ထို့နောက် ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင်၊ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဒေါ်နီလာဇင်၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမြတ်သူ၊ မူဝါဒနှင့်ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးနေလင်းနိုင်၊ အုပ်ချုပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးစိုးနိုင်တို့က မိမိတာဝန်ယူဆောင်ရွက်နေသည့် ဌာနခွဲအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ ပါသည်။
ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်သိန်းက ပြီးခဲ့သော ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ဆွေးနွေးခဲ့သောကိစ္စများတွင် ဆောင်ရွက်ပြီးစီးသည်များရှိသလို ကျန်ရှိနေသည်များ အားလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများသည် ရုံးလုပ်ငန်းများအား ဦးစီးတာဝန် နှင့်အညီ ဂရုတစိုက်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဝတ်စားဆင်ယင်မှုများအား သတ်မှတ်ထားသည့် အတိုင်း စနစ်တကျ သပ်သပ်ရပ်ရပ် ဝတ်ဆင်ကြရန်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် Artificial Intelligence (AI) ခေတ် ဖြစ်သည်နှင့်အညီ ခေတ်မီတိုးတက်လာသည့် နည်းပညာများအား လေ့လာသင်ယူနေရမည် ဖြစ်ကြောင်း၊ မိမိမှ AI နည်းပညာကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်စွမ်းရှိလျှင် သူတစ်ပါးကို အားကိုးစရာ မလိုတာကြောင့် ကဏ္ဍပေါင်းစုံမှာ ကျွမ်းကျင်မှုမရှိလျှင်တောင်မှ သိရှိအောင်ကြိုးစားထားရန် ဖြစ်ပါကြောင်း၊ အသိပညာဗဟုသုတများ တိုးပွားအောင် စာများများဖတ်၍ ကိုယ့်အတွက်အကျိုးရှိမည့် အရာတွေကို လေ့လာကြစေလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားပါသည်။
၎င်းနောက်အမြဲတမ်းအတွင်းဝန်ဦးလှမောင်သိန်းကဒီဇင်ဘာလသည် အားကစားလဖြစ်တာကြောင့် အပတ်စဉ်စနေနေ့တိုင်း လမ်းလျှောက်ပွဲများကျင်းပရာတွင် ပါဝင်ကြစေလိုပါကြောင်း၊ လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် မဲဆန္ဒရှင် ပြည်သူများနှင့်အတူ မိမိတို့ ဝန်ထမ်းများ အားလုံးကလည်း ဆန္ဒမဲပေးနိုင်ကြဖို့ အဆင်သင့်ပြင်ဆင်ထားကြစေလိုပါကြောင်း၊ မကြာမီ ကျရောက် တော့မည့် ရုံးပိတ်ရက်များတွင် ခရီးသွားလာရာ၌ လုံခြုံရေးအထူးဂရုပြု၍ မသွားမီတည်းက လမ်းခရီး အခြေအနေအား ကြိုတင်လေ့လာကြစေလိုပါကြောင်း၊ ဝန်ထမ်းများအားလုံး ဝိုင်းဝန်း၍ ရုံးပတ်ဝန်းကျင်နှင့် ဝန်ထမ်းအိမ်ရာများ၊ ဘာရှာများတွင် သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ လူမှု ကွန်ယက်ပေါ်တွင် ယူနီဖောင်းများဝတ်ဆင်၍ မိမိဌာန ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် လုပ်ရပ်များ၊ အရေးအသားများအား ရှောင်ကျဉ်ကြစေလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားပါသည်။
ပြီးနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ပြောကြားရာ၌ ဝန်ထမ်းများအနေဖြင့် ဘက်စုံ တိုးတက်အောင်မြင်အောင် ကြိုးစားကြစေလိုပါကြောင်းနှင့် နောင်ကျင်းပမည့် ဆန္ဒဖော်ထုတ်ပွဲတွင် ဝန်ထမ်းများက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးစေလိုပါကြောင်း၊ မိမိအကျိုး၊ ဌာနအကျိုး၊ နိုင်ငံ့အကျိုး အတွက် တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုပါကြောင်းဖြင့် ပြောကြားကာ အခမ်းအနားကို ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။














