နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပုလဲနှင့်ကျောက်မျက်ရတနာများ ရောင်းချရာတွင် နိုင်ငံခြားငွေများ ဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် တို့အပြင် နောင်ပြပွဲများတွင် ဟောင်ကောင် ဒေါ်လာနှင့် ထိုင်းဘတ်ငွေ တို့ဖြင့်ပါ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူ များကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လည်းကောင်း၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအရိုင်းအတွဲများနှင့် ယခုပြပွဲတွင် ပြသထားသည့် (၃၅) တန်ရှိ အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။

အဆိုပါ အကြီးဆုံးကျောက်စိမ်းတုံးကြီးမှာ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ မက်လင်ချောင်မှော်၊ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်(၂)မှ တူးဖော်ရရှိသည့် (၃၀၈)တန် ခန့်ရှိ ကျောက်စိမ်းတုံးကြီးဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် အသားကျောက် အမျိုးအစားဖြစ်ပြီး အခြေခံဈေးနှုန်းအနေဖြင့် ယူရိုငွေ(၅)သန်းကျော် ခန့်မှန်းတွက်ချက်ရရှိ ထားကြောင်း သိရှိရသည်။

ယနေ့ပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့မှ (၂၈) ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း (၃၃၀)၊ ကျောက်မျက်အတွဲပေါင်း (၁၂၀)၊ ကျောက်စိမ်းအတွဲပေါင်း အတွဲ(၂၀၀၀)ကျော်တို့ကို ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ် ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည် အရောင်း ပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း၊ ကျောက်စိမ်းကျောက်မျက် ပုလဲ အတွဲများ ဝယ်ယူရာတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ တို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း၊ ကျောက်မျက် ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေနိုင်ကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်စိမ်းဥယျာဉ် ပြန်လည်အဆင့်မြှင့်တင်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး နှင့် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး တို့က ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ ကျောက်စိမ်းဉယျာဉ်အား ၂၀၁၀ ပြည့်နှစ်၌ မြေဧရိယာ အကျယ်အဝန်း (၈.၂၆) ဧကပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း ကျောက်စိမ်းအရိုင်းတုံးပေါင်း (၅၁၁၇)တုံး နှင့် အခြား ကျောက်ရိုင်းပေါင်း (၁၄၂၅၂)တုံး ထားရှိကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ဥယျာဉ်အား ပြန်လည်ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

Admin

Admin

Top