နိုင်ငံ့အတွက် ကျောက်မျက် ရတနာ

          မြန်မာတို့၏ ယုံကြည်ကိုးကွယ်မှုတွင် ဘုရား၊ တရား၊ သံဃာတို့ကို ရတနာမြတ် သုံးပါးဟု သတ်မှတ်ထားကြသည်။ လောကုတ္တရာကောင်းကျိုးအတွက် ကံ ကံ၏ အကျိုးကို ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ် တန်ဖိုးထားကြသည်။ လောကီစီးပွား ဥစ္စာအတွက် ကျောက်စိမ်း၊ ပတ္တမြား၊ ပုလဲ၊ နီလာ စသည်တို့ကို ကျောက်မျက်ရတနာဟု သတ်မှတ်တန်ဖိုးထားကြသည်။ ကျောက်မျက်ရတနာတို့ကို လူသားတို့သည် အဆင်တန်ဆာအဖြစ် လှပစွာတန်ဖိုးထား ဆင်မြန်းကြသည်။ ရတနာပစ္စည်းတို့၏ အရည်အသွေးအလိုက် တန်ဖိုးမြင့်မားကြသည်။ ထိုရတနာများသည် မြေအောက်၊ ရေ အောက်မှ ရရှိလာသော ရတနာများဖြစ်သည်။

          မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ကျောက်မျက်တွင်းထွက်ရတနာ အမျိုးအစားပေါင်း ၇၅ မျိုးအထိ ထွက်ရှိကြောင်း သိရှိရသည်။ ထိုသယံဇာတ ကျောက်မျက်ရတနာများသည် နိုင်ငံတော်အတွက် အကျိုး စီးပွားဖြစ်ထွန်းစေလျက်ရှိသည်။ ကိုယ်ပိုင်ထီးနန်းဖြင့် နေထိုင်ကြစဉ်ကပင် မြန်မာ့ ကျောက်မျက်ရတနာများသည် တန်ဖိုးမဖြတ်နိုင်အောင်ဖြစ်ခဲ့သည်။ ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားခဲ့ပြီး အလှူရေစက်လက်နှင့်မကွာ လှူဒါန်းနိုင်ခဲ့ကြောင်း ဘုရားကျောင်းကန်စေတီပုထိုးများက သက်သေပြလျက်ရှိသည်။

          နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းခဲ့မှုမှာ သမိုင်းစဉ်တစ်လျှောက်သာမက လက်ရှိအခြေအနေအထိပင်ဖြစ်သည်။ နိုင်ငံသားများအတွက်စီးပွားရေးအကျိုးဖြစ်ထွန်း ရန်၊ နိုင်ငံခြားဝင်ငွေရရှိရန် ရည်ရွယ်လျက် ကျောက်မျက်ရတနာပြပွဲများ ကျင်းပပြီး ကျောက်မျက်ရတနာများ ရောင်းချခြင်းကို ၁၉၆၄ ခုနှစ်က စတင်ခဲ့သည်ဟု သိရသည်။ ပထမဆုံးအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို တော်လှန်ရေးကောင်စီအစိုးရ လက်ထက် ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ စတင်ကျင်းပခဲ့ သည်။ ပထမဆုံးအကြိမ်မှ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ အကြိမ်(၃၀)မြောက် ပြပွဲအထိ ပြပွဲပေါင်း ၃၁ ပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ပင် ကျင်းပခဲ့သည်။ ၁၉၉၃ ခုနှစ် နှစ်လယ်ပြပွဲမှ ၂၀၀၆ ခုနှစ် မတ်လ(၄၃)ကြိမ်မြောက် ပြပွဲအထိ ပြပွဲပေါင်း ၃၅ ပွဲ ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲခန်းမ၌ ကျင်းပ ခဲ့ပြီး ၂၀၀၆ ခုနှစ် ဇွန်၊ ဇူလိုင် အထူးပြပွဲမှ ၂၀၁၀ ပြည့်နှစ် ဇွန်၊ ဇူလိုင် အထူးပြပွဲအထိ ပြပွဲပေါင်း ၁၃ ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ သည်။

          ခေတ်အဆက်ဆက် နိုင်ငံခြားငွေများဖြင့် ရောင်းချခဲ့သည့် ကျောက်မျက်ပြပွဲ ပေါင်း ၉၆ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲပေါင်း ၂၉ ပွဲကို အောင်အောင် မြင်မြင်ကျင်းပနိုင်ခဲ့ကြောင်းသိရှိရသည်။ ထိုပွဲများအနက်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ နှစ်လယ်ပြပွဲမှစတင်၍ ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲအထိ ပြပွဲ ၁၇ ပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ဤသည်မှာ နိုင်ငံတော်အတွက် ကောင်းကျိုးများ ဖြစ်သည်။

          ယခု(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပ လျက်ရှိသည်။ အဆိုပါပြပွဲတွင် ပုလဲအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်း အတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသို့ အိတ်ဖွင့်တင်ဒါစနစ်အသုံးပြု၍ နိုင်ငံခြားငွေဖြင့် ရောင်းချပေးလျက်ရှိသည်။ ပုလဲအတွဲများအတွက် အနိမ့်ဆုံး အခြေခံ ဈေးကို အမေရိကန်ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားပြီး ကျောက်မျက်အတွဲများအတွက် အနိမ့်ဆုံးဈေးမှာ ယူရို ၅၀၀ ဖြစ်သည်။ ထို့အတူ ကျောက်စိမ်းအချောထည်များအတွက် အနိမ့်ဆုံးအခြေခံဈေးကို ယူရိုငွေ ၁၀၀၀ သတ်မှတ်ထားပြီး ကျောက်စိမ်းရိုင်းအတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးကို ယူရိုငွေ ၅၀၀၀ သတ်မှတ်ထားကြောင်း မြန်မာ့‌ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီမှ သိရှိရသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ချီးမြှင့်ခဲ့ပြီး “ပုလဲနှင့်ကျောက်မျက်ရတနာရောင်းချရာတွင် နိုင်ငံခြားငွေ များဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်တို့အပြင် နောင်ပြပွဲများတွင် ဟောင်ကောင်ဒေါ်လာနှင့် ထိုင်းဘတ်ငွေတို့ဖြင့်ပါ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်” တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ယခု ပြပွဲတွင် လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေ၊ မက်လင်ချောင်မှော်၊ နိုင်ငံတော်နှင့်အကျိုးတူ လုပ်ကွက်(၂)မှ တူးဖော်ရရှိသည့် ၃၀၈ တန်ခန့်ရှိ ကျောက်စိမ်းတုံးကြီးမှ ဖြုတ်ယူရရှိထားသည့် ၃၅ တန်ရှိ ကျောက်စိမ်းတုံး တစ်တုံးပါဝင်သည်။ အရည်အသွေးကောင်းမွန်သည့် အသားကျောက် အမျိုးအစားဖြစ်ပြီး အခြေခံဈေးနှုန်းအနေဖြင့် ယူရို ၅ သန်းကျော် ခန့်မှန်းတွက်ချက် ရရှိထားကြောင်း သိရသည်။ ယခုကျင်းပသည့် (၅၇)ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်းအတွဲများအတွက် ရောင်းရငွေ၏ တန်ဖိုးအပေါ် အခွန်၊ အခ နှုန်းထားကို ရတနာခွန် ၁၁ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ ၃ ရာခိုင်နှုန်း ပုလဲအတွဲများအတွက် ကုန်သွယ်လုပ်ငန်းခွန်  ၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံမည်ဟု သိရှိရပေရာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းကျိုးတိုးပွားစေမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

Admin

Admin

Top