သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရည်ချွန်ဆုပေးပွဲကျင်းပ နေပြည်တော် (၆-၇-၂၀၂၂)

၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘာသာစုံဂုဏ်ထူးရှင်များ ဂုဏ်ထူးများဖြင့် အောင်မြင်သူများ ပိုမိုများပြားစွာ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရပြီး ယခုနှစ်တွင် ဂုဏ်ထူးရှင် စုစုပေါင်း(၁၆၉)ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင်များ အမြဲတမ်း မပျက်မကွက် ပါဝင်လေ့ရှိသည့် မိမိတို့ ဝန်ကြီးဌာန ဝန်ထမ်း သား၊ သမီးများ၏ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုအောင်မြင်မှုများကို အခြေခံပြီး နောင် အဆင့်မြင့်မားသည့် ပညာရပ်များကို ဆက်လက်သင်ယူ ဆည်းပူးသွားကြရန်နှင့် အရည်အချင်းပြည့်ဝသည့် အသိ ပညာရှင်၊ အတတ်ပညာရှင်များအဖြစ် အနာဂတ်နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ဘာသာစုံဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရွှေတံဆိပ်ဆု၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မသိမ့်ပွင့်ဖြူနှင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်အတူ နံနက်စာကို အတူတကွ သုံးဆောင်သည်။

၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူ (၇၂၉)ဦး ဝင်ရောက်ဖြေဆိုရာ (၃၉၂)ဦး အောင်မြင်သည့်အနက် ခြောက်ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၁၀)ဦး စုစုပေါင်း(၁၆၉)ဦး ရိုးရိုးအောင်မြင်သူ(၂၂၃)ဦးနှင့် အောင်ချက် ရာခိုင်နှုန်း ၅၃ ဒသမ ၇၇ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

Admin

Admin

Top