မြိတ်မြို့၌ မုတ်ကောင်သားဖောက် မွေးမြူခြင်းနှင့် မုတ်ကောင်သားပေါက်များကို ရေချမွေးမြူထိန်းသိမ်းခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ပုလဲမွေးမြူခြင်းဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင်ပုလဲများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မုတ်ကောင် သားဖောက်မွေးမြူခြင်းနှင့်မုတ်ကောင်သားပေါက်(Collector)များ ရေချမွေးမြူထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဩဂုတ်လ (၃၁) ရက်နေ့ နံနက်(၉)နာရီတွင် Grand Jade  ဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲကို အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင် ပုလဲများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော်ဝင်ငွေရရှိရေး၊ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာ များတိုးတက်ရေးနှင့် မိခင်မုတ်ကောင်မှ သားပေါက်မုတ်ကောင်များ ရှင်ကျန်နှုန်း ပိုမိုကောင်းမွန်စေရေး၊ ဝတ်ဆံသွင်းခြင်း၊ ရေချမွေးမြူခြင်း ပိုမိုတိုးတက်လာစေရေး၊ အရည်အသွေးကောင်းမွန်သည့် ပုလဲများ ထုတ်လုပ်နိုင်ရေးနှင့် ပုလဲကဏ္ဍ ယခုထက် ပိုမိုတိုးတက်မြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပုလဲမွေးမြူထုတ်လုပ်ရေး ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီများမှ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးခင်မောင်မြင့် က မုတ်ကောင်သားဖောက် ပုလဲမွေးမြူရေးလုပ်ငန်းသည် ထုတ်သုံး၍ မကုန်ခမ်းနိုင်သည့် ပြန်လည် ပြည့်ဖြိုးမြဲ သယံဇာတဖြစ်သည့်အပြင် ရေရှည်အကျိုးရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်သောကြောင့် နိုင်ငံတော်နှင့် ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများအနေဖြင့် အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင် ပုလဲများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ကြရန် ပြောကြားသည်။

          ထို့နောက် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင် က အမှာစကားပြောကြားပြီး မုတ်ကောင်မွေးမြူသည့် ပညာရှင်များက မျိုးကောင်းမျိုးသန့် မိခင် မုတ်ကောင်းများ ရွေးချယ်စုဆောင်းခြင်း၊ မုတ်ကောင်သားဖောက် မွေးမြူခြင်း၊ မုတ်ကောင်သားပေါက် အစာမွေးမြူခြင်း (Phytoplankton Culture)၊ မုတ်ကောင်သားပေါက် (Collector) များ ရေချမွေးမြူ ထိန်းသိမ်းခြင်း၊ တည်ငြိမ်သော အရည်အသွေးမြင့် ပုလဲများကို ရေရှည်တည်တံ့ခိုင်မြဲစွာထုတ်လုပ်ခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပါသည်။

          ပညာရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် မုတ်ကောင်သားဖောက် မွေးမြူခြင်းအဖွဲ့နှင့် မုတ်ကောင်သားပေါက် ရေချမွေးမြူထိန်းသိမ်းခြင်းအဖွဲ့ဟု နှစ်ဖွဲ့ခွဲ၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အဖွဲ့လိုက် ဆွေးနွေးချက်များကို ပြန်လည် ရှင်းလင်းတင်ပြ၍ ဆွေးနွေးချက် ရလဒ်များ အတည်ပြုမှတ်တမ်းတင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲမွေးမြူခြင်းဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဆွေးနွေးပွဲရလဒ် ရှေ့လုပ်ငန်းစဉ်များကိုအတည်ပြု၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top