မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ကျောက်မျက်အတွဲ ၇၃ တွဲ ရောင်းချရ

နေပြည်တော် အောက်တိုဘာ ၂၃

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲ ၁၆၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲ ၇၃ တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲ ပဉ္စမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကိုတင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။

ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အတွက် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲ များ အောက်တိုဘာလ ၂၄ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ပြည်တွင်းပြည်ပရတနာကုန်သည်များကို ပုလဲအတွဲပေါင်း ၃၀၀ အား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၀၀ ရောင်းချပေးနိုင်ခဲ့သည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ကျောက်မျက်နှင့်လက်ဝတ်ရတနာ အရောင်းဆိုင် များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက် ရှိသည်။  

ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားငွေရရှိရန်နှင့်  နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန် အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်ပါသည်။

 

Admin

Admin

Top