(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း (၄၂၄) တွဲရောင်းချနိုင်ခဲ့ နေပြည်တော် မေလ၉

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၄၂၄) တွဲ ရောင်းချခဲ့ ရကြောင်း ထုတ်ပြန်ကြေညာသည်။
ထို့ပြင် ပြည်တွင်းရတနာကုန်သည်များကိုသာ ရောင်းချပေးမည့် အုပ်စု (C) မှ ကျောက်စိမ်းအတွဲအမှတ် (၂၇၅၁) မှ (၃၇၅၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ပြပွဲ အဌမနေ့တွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲနဝမနေ့တွင် ကြေညာသွားမည် ဖြစ်ပါသည်။
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ မေလ ၃ရက်မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၈၂) တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၉၇) တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈) တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း (၅၄၆) တွဲ၊ ဆဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၆၉) တွဲနှင့် သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၄၂၄) တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့်ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Admin

Admin

Top