ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်း

သတင်းစဉ်

နေပြည်တော် (၃၀.၆.၂၀၂၁)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုကဏ္ဍအောက်ရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းမင်းဦးက ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းကြောင့် မြန်မာနိုင်ငံသတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အရာထမ်း/ အမှုထမ်းများ အနေဖြင့် တွေ့ကြုံရသည့် အခက်အခဲ၊ ပြဿနာများကို ဖော်ထုတ်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို တွေးခေါ် ကြံဆ စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် အရည်အသွေး ရရှိလာမည် ဖြစ်ပါကြောင်း ပြောကြား သည်။

ထို့နောက် သတ္တုကဏ္ဍ အနေဖြင့် သတ္တုတွင်းလုပ်ငန်းများ ပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင် ခြင်းဆိုင်ရာများ၊ နိုင်ငံတကာ စံသတ်မှတ်ချက်နှင့် နမူနာကောင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့အလားအလာများကို လည်းကောင်း၊ ကျောက်မျက်ကဏ္ဍ အနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ အချောထည်ကဏ္ဍ၊ မြန်မာ့ကျောက်မျက်ရတနာအရိုင်းနှင့် အချောထည် များကို ပြည်တွင်း၌ ရောင်းချမှုနှင့် ပြည်ပတင်ပို့ ရောင်းချမှု၊ ပြည်တွင်းအချောထည် ထုတ်လုပ်သူများ အတွက် ကျောက်မျက်ရတနာအရိုင်း ရရှိနိုင်မှု၊ နည်းပညာနှင့် မတည်ရင်းနှီးငွေများ ရရှိနိုင်မှု၊ အချောထည် ထုတ်လုပ်ရန် ပြည်ပမှ ရင်းနှီးမြှုပ်နှံနိုင်မှု၊ နိုင်ငံတကာအဆင့်မီ ကျောက်မျက်သင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောက်မျက်အချောထည်အတွက် သတ်မှတ် ကောက်ခံသင့်သော အခွန်အခများနှင့် ပတ်သက်သည့် အခြေအနေများကို လည်းကောင်း၊ ပုလဲကဏ္ဍနှင့် ပတ်သက်၍ “မြန်မာ့ပုလဲ အရောင်မမှိန်စေဖို့ ဂေဟစနစ်ကို ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် ရေ၊ မြေ၊ လေ သဘာဝ သန့်ရှင်းစင်ကြယ်ဖို့ အစဉ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ မုတ်ကောင်သဘာဝ ဖွံ့ဖြိုးတိုးတက်စေရန် ဂေဟစနစ်အား ထိန်းသိမ်းနိုင်ရေး၊ ကျွမ်းကျင်သော လူသားအရင်းအမြစ်များ တိုးတက်စေရေး ဆောင်ရွက်နိုင်ရေးကို စားပွဲဝိုင်းဆွေးနွေးပွဲများဖြင့် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရရှိလာသည့် အချက်အလက်များကို အုပ်စုအလိုက် အပြန်အလှန် ဆွေးနွေးဖလှယ် ကြပြီး ဆွေးနွေးပွဲ ရလဒ်များနှင့် အနှစ်ချုပ်များကို သက်ဆိုင်ရာဦးစီးဌာန/လုပ်ငန်းများမှ ဌာန အကြီးအကဲများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Admin

Admin

Top