ဒုတိယဝန်ကြီး ဦးမင်းမင်းဦး ပုပ္ပားတောင်အမျိုးသားဘူမိ ဥယျာဉ် ဖြစ်မြောက်ရေးအတွက် အဆိုပြု Geosites များ ကြည့်ရှုစစ်ဆေး

ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေးအတွက် အဆိုပြု Geosites များကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးအတည်ပြု

          ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများအား နိုင်ငံတကာအသိအမှတ်ပြု ထိန်းသိမ်းကာကွယ်ရေး နယ်မြေ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) တည်ထောင်နိုင်ရေးအတွက် အရေးကြီးသည့် အမျိုးသားအဆင့်ဘူမိဥယျာဉ် (National Geopark) တည်ထောင်သတ်မှတ်ရန် ဦးစွာ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် Local Geopark & National Geopark များ မရှိသေးဘဲ ပထမဦးဆုံး အမျိုးသားအဆင့် National Geopark အဖြစ် Mount Popa National Geopark  ကို မြန်မာနိုင်ငံဘူမိ သိပ္ပံအသင်းမှ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ တင်ပြဆွေးနွေးပြီး ပုပ္ပားတောင် သစ်တောဧရိယာအတွင်း အဆိုပြုနေရာ Geosites  ၁၆ နေရာကို ပဏာမရွေးချယ်တင်ပြသည့် နေရာများအနက် သတ်မှတ်ချက် ကိုက်ညီသည့် နေရာများကို ယခုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး အတည်ပြုခြင်းဖြစ်ကြောင်း၊ ပုပ္ပားတောင်ဒေသသည် မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုနှင့် ဘူမိဗေဒအရ အလွန်အရေးပါသည့် ဒေသတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ပားတောင်သစ်တောဧရိယာ စန္ဒကူးတောနှင့် သမင်ခြံ (Sandagu Forest)၊ ပရဆေးဥယျာဉ်နှင့် ပြတိုက် (Medicinal Plant)၊ ပုပ္ပားမီးတောင်ရွှံ့ချော်ရည် Lava  (Volcanic Mud Flow)၊ ကျောက်တုံးကြီးများဖြင့် ဖွဲ့စည်းထားသော သစ်တော(Augite Andesite Stone Forest)၊ ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက် (Fossil Museum) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Minister Office

MinOff

Top