သယံဇာတနှင့်သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးရှိ ပုလဲမွေးမြူရေးကျွန်းစခန်းများသို့ ကြည့်ရှုစစ်ဆေးသည့်သတင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့၊ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတဝန်ကြီး၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော်ကျွန်း ပုလဲ မွေးမြူရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ပုလဲ မွေးမြူထုတ်လုပ်ခြင်းကို စခန်း(၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၁၂၈) ရာခိုင်နှုန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မူတည်၍ နှစ်သက်သူများသဖြင့် ဈေးကွက်ပိုမိုရရှိရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မုတ်ကောင် သားဖောက်ခြင်း၊ ဝတ်ဆံသွင်းခြင်း၊ မွေးမြူခြင်းလုပ်ငန်းစဉ်မှာ အရည်အသွေးအရွယ်အစား ကောင်းမွန် သော ပုလဲများရရှိရေးအတွက် အထူးအရေးကြီးသည့်အတွက် ဌာနနှင့်ကုမ္ပဏီတို့ ပိုမိုပေါင်းစပ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းစဉ်အလိုက် စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် လိုကြောင်း၊ ပုလဲမွေးမြူထုတ်လုပ်ခြင်းမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာသော မုတ်ခွံများကို အသုံးပြုသည့် ကနုကမာ အချောထည်လုပ်ငန်းများကိုလည်း ပိုမိုဖွံဖြိုးတိုးတက်အောင်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ ပုလဲမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အတွက် EMP/EIA ပါ အချက်များအား တိတိကျကျလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝ ပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်များ ကောင်းမွန်မှသာ မုတ်ကောင်မွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒုံးပုလဲအော်ကျွန်းအနီးရှိ ဆလုံရွာ (၂)ရွာအတွက် ဆိုလာမီး (၂၀)စုံအား ဒေသခံများထံ ပေးအပ်ခဲ့ပြီး ဒုံးပုလဲအော်ကျွန်းစခန်းရှိ မုတ်ကောင် သားဖောက်ခြင်း၊ ဝတ်ဆံသွင်းခြင်းနှင့် ပုလဲဖော်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျွန်းစုမြို့နယ်၊ နတ်သမီးရေတွင်းကျွန်းနှင့် ပြင်စဘုကျွန်းရှိမွေးမြူရေးရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှု အခြေအနေအားကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်၊ ဒိုမယ်ကျွန်းစခန်းတွင် ပုလဲထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဇင်ယော်ကျွန်းရှိ မွေးမြူရေးရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Admin

Admin

Top