သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးရှိ ပုလဲမွေးမြူရေးကျွန်းစခန်းများသို့ ကြည့်ရှုစစ်ဆေးသည့်သတင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်ရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ ပုလဲကျွန်းစခန်း၊ ပုလဲရတနာခန်းမတွင် မြန့်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲကျွန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ကောင်းမွန်သော ရွှေရောင်၊ ငွေရောင်ပုလဲများ စဉ်ဆက်မပြတ် ရေရှည် ထုတ်လုပ်နိုင်ရေးအတွက် အစီအမံများ ဆောင်ရွက်ထားရှိပြီး ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့် မုတ်ကောင်များ ရရှိရေးအတွက် လုပ်ငန်းအဆင့်ဆင့်တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး သုတေသနရလာဒ်များအပေါ် အခြေခံ၍ လက်ရှိဆောင်ရွက်နေသော ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် မြန်မာ့ပုလဲသည် ကမ္ဘာ့အရည်အသွေး အကောင်းဆုံးထဲတွင် ပါဝင်သဖြင့် နိုင်ငံတကာဈေးကွက်တွင် ယခုထက်ပိုမိုထိုးဖောက်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပုလဲကျွန်းစခန်းရှိ ပုလဲထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်ရှိ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး မကြုံဂလက်ဆလုံတိုင်းရင်းသားကျေးရွာတွင် ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဆန်၊ ဆီ၊ ပဲနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးအပ်ပြီး ဒေသခံများအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ် စောင့်ရှောက် ကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်ရှိ ဂျလန်းကျွန်းပုလဲစခန်းနှင့် ငလုံးလဖယ်ကျွန်းပုလဲစခန်းသို့ သွားရောက်၍ မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ ဝတ်ဆံသွင်းခြင်းနှင့် ပုလဲဖော်ယူခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေကျွန်းပုလဲစခန်းနှင့် စိန့်လုခ်ကျွန်းပုလဲစခန်းများ၏ မွေးမြူရေးရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောနှင့် အမျိုးသား ဥယျာဉ်များအား အချိန်မီ ဖွဲ့စည်းနိုင်ရေး အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ကမ်းရိုးတန်း ဒေသများတွင် ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းကို အထူးအလေးပေး ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့ဆောင်ရွက်ရမည့်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက် ကြရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့ရှိ နမ့်ခုံးကနုကမာ အချောထည်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Admin

Admin

Top