သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

သတင်းစဉ်

နေပြည်တော် (၁၆.၂.၂၀၂၁)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ် (၁၉)ရှိ အစည်းအဝေးခန်းမ၌ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ)က ဆောင်ရွက်လျက်ရှိသည့် ဓာတ်သတ္တု လုပ်ကွက် များ၊ ကျောက်မျက်ရတနာလုပ်ကွက်များနှင့် ပုလဲမွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများအတွက် လိုက်နာ ဆောင်ရွက်ရမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က သတ္တုတူးဖော်ခြင်း လုပ်ငန်းများ၊ ကျောက်မျက် ရတနာ တူးဖော် ခြင်းလုပ်ငန်းများ၊ ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ အရှိန်အဟုန်မပျက် ဆောင်ရွက်ရန် အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိ စေရေး ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း(IEE)၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်(EMP)၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(EIA)များ စနစ်တကျ ရေးဆွဲပြီး လိုက်နာ ဆောင်ရွက်နိုင်ရေး တူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီများအား စစ်ဆေး ကြပ်မတ် နိုင်မည့် အခြေအနေကို လည်းကောင်း၊ (IEE)၊ (EMP)၊ (EIA)များ စစ်ဆေးခွင့်ပြု ပေးခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းပြီး သတ္တုတူးဖော်မှု လုပ်ငန်းများသည် ထုတ်လုပ်မှုရှိမှ ဝင်ငွေရရှိနိုင်မည်ဖြစ်၍ (IEE)၊ (EMP)၊ (EIA)များကို စနစ်တကျ လျင်လျင်မြန်မြန် စစ်ဆေး၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ တူးဖော် ထုတ်လုပ်သည့် ကုမ္ပဏီများကလည်း ရေးဆွဲထားသည့် (IEE)၊ (EMP)၊ (EIA) အစီရင်ခံစာများအတိုင်း အလေးအနက်ထား လိုက်နာ ဆောင်ရွက်ရေး တွန်းအားပေးစေရန် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဦးဆောင် ညွှန်ကြားရေးမှူးများက မိမိတို့ဆောင်ရွက်နေသည့် သတ္တု တူးဖော်ခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်းနှင့် ပုလဲ မွေးမြူခြင်း လုပ်ငန်းများတွင် (IEE)၊ (EMP)၊ (EIA)များ ဆောင် ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိ လိုသည်များကို မေးမြန်းပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top