မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံ၊ Palawan ပြည်နယ် Busuanga ကျွန်းရှိ Surigao Marine Products Inc. ပုလဲမွေးမြူရေးစခန်းအား သွားရောက်လေ့လာခဲ့ခြင်း

            သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေး နှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်နှစ်ဦးတို့သည် ပုလဲမွေးမြူရေး နှင့်ထုတ်လုပ်ရေးဆိုင်ရာ အတွေ့အကြုံများ၊ ပုလဲဈေးကွက်၊ ဖိလစ်ပိုင်နိုင်ငံနှင့် ကမ္ဘာ့ပုလဲ ရောင်းဝယ်ရေး ဈေးကွက်ကုန်သွယ်မှုတွင် မတူညီသော လုပ်ငန်းဆောင်တာများ၊ မုတ်ကောင် မွေးမြူမှု၊ ပုလဲမွေးမြူထုတ်လုပ်မှုနည်းစနစ်များနှင့် နည်းပညာကွဲပြားမှုများကို လေ့လာသိရှိနိုင်ရန် အတွက် (၁၀.၁၂.၂၀၂၃)ရက်နေ့မှ (၁၄.၁၂.၂၀၂၃) ရက်နေ့အထိPalawan ပြည်နယ် Busuanga ကျွန်းရှိ ပုလဲမွေးမြူရေးလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ကြပါသည်။

Surigao Marine Products Inc. ၏ ပုလဲမွေးမြူသည့်ရေပြင် ဧရိယာစုစုပေါင်း စတုရန်း မိုင်(၃၀)မိုင်ခန့်ပတ်လည်တွင် ရေပေါ်လောင်းလိုင်းစနစ်ဖြင့်သာ မုတ်ကောင်များကို မွေးမြူထားရှိ သည်ကို တွေ့ရှိရခြင်း၊ တစ်နှစ်ပါတ်လုံး လှိုင်းလေဒဏ်ကို ကာကွယ်ထားပြီးဖြစ်သော ကျွန်းငယ် များအတွင်းရှိ ရေလက်ကြားရေစီးကြောင်းများတွင် လောင်းလိုင်းများ ချထားမွေးမြူထားရှိခြင်း များကြောင့် မုတ်ကောင်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အခက်အခဲမရှိပဲ လွယ်ကူစွာ ထိန်းသိမ်းမွေးမြူ နိုင်သည်ကို တွေ့ရှိရပါသည်။

မုတ်ကောင်များရေချမွေးမြူမှုသည် မြန်မာနိုင်ငံကဲ့သို့ (၁၀)လိုင်းတွဲဖောင်များ၊ (၅)လိုင်းတွဲ ဖောင်များဖြင့် မွေးမြူထားခြင်းမျိုးမဟုတ်ပဲ Single Line (၆၈၀ မှ ၆၉၀ ထိ) ချထားမွေးမြူသည်ကို တွေ့ရှိရပြီး၊ ရေအနက်မှာလည်း (၁၅)မီတာမှ (၃၀)မီတာ အတွင်းရှိသည့်အတွက် ပုလဲမွေးမြူရန် သင့်တော်သော ရေအနက်ရှိသည်ကို တွေ့ရှိရခြင်း။ မြန်မာနိုင်ငံတွင် ဒီရေအတက်အကျမှာ (၄) မီတာအထိရှိပြီး ဖိလစ်ပိုင်နိုင်ငံတွင်(၁.၈)မီတာသာရှိသဖြင့် ဒီရေအတက်အကျနည်း၍ ရေစီး ငြိမ်သက်ကာ လောင်းလိုင်းများကို ထိန်းသိမ်းရန်လွယ်ကူခြင်းနှင့် မုတ်ကောင်အများအပြား ချိတ်ဆွဲ မွေးမြူနိုင်သည်ကို တွေ့ရှိရပါသည်။

ပင်မလူနေထိုင်ရာ အုပ်ချုပ်မှုစခန်းသည် ဘူဆွန်ဂါကျွန်းပေါ်တွင် တည်ရှိသဖြင့် ရေ၊ မီး ပြည့်စုံ၍ ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်မှုရှိခြင်း၊ ကျွန်းသို့လေယာဉ်ဖြင့် နေ့စဉ် တိုက်ရိုက် ဝင်/ထွက် သွားလာနိုင်ခြင်း၊ ကျွန်း၏ နေရာအနှံ့အပြားသို့ ကားလမ်းများဖြင့် သွားလာနိုင်ခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးစနစ်များ ကောင်းမွန်သည်ကို တွေ့ရှိရခြင်း၊ မြန်မာနိုင်ငံရှိ ပုလဲစခန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက လတ်တီတွဒ် တစ်တန်းတည်းတွင်တည်ရှိပြီး၊ ရေ၏ ဂုဏ်သတ္တိများ၊ တည်ရှိသည့် သတ္တဝါများ၊ ရေညှိပင်၊ ခရင်းကောင်များနှင့် ရေမြုပ်ကောင် (Sponge) များပေါက်ဖွားပုံတို့သည် ယေဘုယျအားဖြင့်တူညီမှုရှိသော်လည်း Busuanga ပုလဲ မွေးစခန်းအနေဖြင့် သင့်တင့်သည့် ရေစီးကြောင်းနှင့် လှိုင်းလေ ဒဏ်ကာကွယ်သော ကျွန်းစခန်း ရေပြင်ဧရိယာ အားသာချက်များရှိသည်ကို တွေ့ရှိရပါသည်။

ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် (၁၂.၁၂.၂၀၂၃)ရက်နေ့တွင် ဘူဆန်ဂါကျွန်းမှ မနီလာမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၁၃..၂၀၂၃)ရက်နေ့တွင် မနီလာမြို့ရှိ Green Hill Shopping Mall ၊ Ayala Shopping Mall နှင့် Jewelmer Co., ပိုင် ပုလဲအရောင်းဆိုင်များသို့ သွားရောက် လေ့လာခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ထုတ်လုပ်ရရှိသည့် ပုလဲများကို ဟောင်ကောင်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချ၍ နိုင်ငံအတွင်းတွင်လည်း ဖြန့်ဖြူးရောင်းချပေးပြီး ဒေသတွင်းရှိ ပုလဲ အရောင်းဆိုင် များက ပုလဲလက်ဝတ်ရတနာများအား ပြန်လည် ပြုလုပ်ရောင်းချခြင်းများအား ဆောင်ရွက်ကြောင်း သိရှိရခြင်း၊ ဖော်ပြပါပုလဲအရောင်း ဆိုင်များတွင် ဒေသထွက် တောင်ပင်လယ် ပုလဲများသာမက ရေချိုပုလဲ၊ ပုလဲနက်နှင့် အာကိုယာပုလဲများကို လက်ဝတ်ရတနာအဖြစ် ရောင်းချခြင်းများအား တွေ့ရှိရပြီး Jewelmer Co., သည် ကိုယ်ပိုင်ပုလဲမွေးစခန်းမှရရှိသော တောင်ပင်လယ် ပုလဲများကို လက်ဝတ်ရတနာများအဖြစ် ပြန်လည်ပြုပြင်၍ ကုမ္ပဏီ၏ အမှတ် တံဆိပ် (Brand)အနေဖြင့် တန်ဖိုးမြှင့်ရောင်းချသည်ကို တွေ့ရှိရပါသည်။

ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့အနေဖြင့် ယခုကဲ့သို့ သွားရောက်လေ့လာခဲ့ရသဖြင့် တောင်ပင်လယ်ပုလဲမွေးမြူထုတ်လုပ်သည့် နိုင်ငံအချင်းချင်းတွင် မတူကွဲပြားသော ပုလဲမွေးမြူမှု နည်းစနစ်များ၊ ရေပြင်အနေအထားများနှင့် ပုလဲရောင်းချမှုစနစ်များအား လေ့လာသိရှိခွင့်ရရှိခဲ့ပြီး၊၊ မြန်မာ့ပုလဲကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် အထောက်အပံ့ကောင်းများနှင့် နိုင်ငံတကာ ပြင်ပဗဟုသုတများစွာရရှိခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါသည်။

Admin

Admin

Top