၁၈-၈-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်သည့် သစ်အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေးကျင်းပ

၁၈-၈-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်သည့် သစ်အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေး သတင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတိ၏ ဒုတိယအကြိမ် အစည်းအဝေးကို ၁၈-၈-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကော်မတီဝင်များ တက်ရောက် ကြပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများအား ပြည်ပ တင်ပို့ခွင့်မပြုတော့ဘဲ တစ်ဝက်တစ်ပျက်ကုန်ချော (Semi-finished) နှင့် ကုန်ချော (Finished) များကိုသာ ပြည်ပတင်ပို့ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် တင်ပို့ခွင့်ပြုမည့် သစ်အခြေခံထုတ်ကုန်များ၏ အမျိုးအမည်နှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်များကို နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ ယင်းအပြင် သစ်ကုန်ချောများ ကိုသာ တင်ပို့ရေးဦးတည်ရာတွင် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသော အချက်ဖြစ်ပါကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် နယ်ပယ်အားဖြင့် များစွာ ကျယ်ဝန်းသည့်အလျောက် ဌာနဆိုင်ရာအသီးသီးနှင့် လုပ်ငန်းရှင်များပါဝင်သော ဆပ်ကော်မတီ(၃)ခုကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် ကာလတို၊ ကာလရှည် ဆောင်ရွက်ရမည့် အစီအမံများကို မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များချမှတ်ပြီး လက်ငင်းဆောင်ရွက်ရမည့် အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ဆောင်သွားကြရမှာဖြစ်ကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများသည် သစ်တော သယံဇာတကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် နိုင်ငံပိုင်အဖိုးတန်သစ်တောသယံဇာတများ ရေရှည် တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် အရေးပါသောလုပ်ငန်းဖြစ်ပြီး၊ ယေဘုယျအားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရေး အတွက်လည်း အလွန်အရေးကြီးပါကြောင်း၊ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိမည်ဖြစ်သော်လည်း ဆပ်ကော်မတီများအလိုက် စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးပြီး ရည်မှန်းချက် ပေါက်မြောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ဆပ်ကော်မတီများအလိုက် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ လတ်တလောကြုံတွေ့နေရသောအခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ပေးစေလို သည့်အချက်များ၊ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည် ရှင်းလင်းပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Admin

Admin

Top