သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လအတွင်း ဆောင်ရွက် မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လအတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၇-၉-၂၀၂၁ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

            ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရတို့နှင့် အပြန်အလှန် နားလည်မှုရှိရှိ အချိတ်အဆက်မိမိ ပေါင်းစပ် ညှိနှိုင်းနိုင်သည်နှင့်အမျှ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ မြေပေါ်မြေအောက် သယံဇာတများ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည့်အတွက် စနစ် တကျ ထိန်းသိမ်းစောင့်ရှောက်ရန် အထူးအရေးကြီးပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် မြေပေါ်မြေအောက် သယံဇာတထုတ်ကုန်အပေါ် မှီခိုသည့် စီးပွားရေးလုပ်ငန်းများကို လျှော့ချ သွားရမည် ဖြစ်ပါကြောင်း၊ ထုတ်လုပ်ပြီးသည်များကို အချောထည်များ ပြုလုပ်တင်ပို့နိုင်ရေး မူဝါဒ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သစ်တောမြေများကို မလိုအပ်ဘဲ အခြားမြေ ပြောင်းလဲ အသုံးပြုမှုများ မဖြစ်စေရေး၊ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း ကျူးကျော်ခြင်း၊ သစ်တောသစ်ပင် ကောင်းစွာ ပေါက်ရောက်နေသည့် မြေလွတ် မြေရိုင်းများတွင် မြေပြောင်းလဲအသုံးချမှု မဖြစ်စေရေးအတွက် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်း၊ သစ်တောစိုက်ခင်း နှစ်စဉ်ဧက (၂၆၀၀၀)ဝန်းကျင် တည်ထောင် ခြင်း၊ ကျေးရွာသုံး ထင်းစိုက်ခင်းတစ်ရွာ(၂)ဧက တည်ထောင်ခြင်းနှင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးခြင်းများအတွက် ကူညီဆောင်ရွက်ပေးသွားစေလိုပါကြောင်း၊ (၂)ပေအထက် ပျိုးပင်များ စိုက်ပျိုး ရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်အောင် စိုက်ပျိုးသွားရန် ဖြစ်ပါကြောင်း၊ တရားမဝင် သစ်ဖမ်းဆီးရေးကို လည်း အထူးအလေးထား ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဓာတ်သတ္တု ခွင့်ပြုမိန့်များကို ဥပဒေ၊ နည်း ဥပဒေများ၊ ညွှန်ကြားချက်များနှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ-မရှိ ကို လည်း ကွင်းဆင်းစစ်ဆေးသွားရန်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက အရေးယူမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ခြင်း ရှိ-မရှိ ကိုလည်း စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ တရားမဝင် သတ္တုတူးဖော်ထုတ်လုပ်နေမှုများ ကိုလည်း ကွင်းဆင်း စစ်ဆေးရာတွင် လည်းကောင်း၊ မိုင်းပိတ်သိမ်းခြင်းကို စနစ်တကျ ဆောင်ရွက်ခြင်း ရှိ-မရှိ ကို စိစစ်ရာတွင် လည်းကောင်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ကျောက်စိမ်းတူးဖော်မှုများနှင့် စပ်လျဉ်း၍ လုံးခင်း-ဖားကန့်ရတနာနယ်မြေနှင့် မော်လူးမော်ဟန်ရတနာနယ်မြေတို့ကို ၃၀-၉-၂၀၂၁ အထိ ထုတ်လုပ်မှု လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခဲ့ပြီး ဆက်လက်၍ နောက်ထပ် (၆)လ ထပ်မံ ယာယီရပ်ဆိုင်းထားပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများကို ရင်းနှှီးပွင့်လင်းစွာ ဆွေးနွေး တင်ပြသွားရန် ဖြစ်ကြောင်း ပြောကြားပါသည်။

            အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ နေပြည်တော် ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်  အစိုးရအဖွဲ့များမှ သယံဇာတရေးရာဝန်ကြီးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Admin

Admin

Top