ကျောက်စိမ်း အချောထည်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အဖွင့်အမှာစကား ပြောကြား

သတင်းစဉ်

နေပြည်တော် (၂၄-၈-၂၀၂၁)

ကျောက်စိမ်းအချောထည် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထအကြိမ် ညှိနှိုင်း အစည်း အဝေးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) ရှိအစည်းအဝေးခန်းမတွင် Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျောက်စိမ်းအချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ဖြစ်ကြောင်း၊ ကျောက်စိမ်းများကို အရိုင်းအတိုင်း ပြည်ပသို့ တင်ပို့ခဲ့တာ နှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ပင်လုံရတနာဈေး တည်ဆောက်ခဲ့သော်လည်း လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ နေပြည်တော်တွင် ရွှေကြာပင်ကျောက်မျက်ရတနာဈေးကို ၂၀၁၂ ခုနှစ်ကပင် မြေဧရိယာ ၂၂၅ ဧက၊ အကွက်ပေါင်း ၁၂၂ ဧကတွင် အချောထည်များ ထုတ်လုပ်ရောင်းချနိုင်မည့် အဆောက်အဦများနှင့် စက်ရုံအလုပ်ရုံများကို ဆောက်လုပ်ဆောင်ရွက်စေခဲ့ကြောင်း၊ အဆောက်အဦအများစုမှာ ပြီးစီးခဲ့ပြီး ယခုအခါ လက်တွေ့အချောထည်လုပ်ငန်း ဆောင်ရွက်နိုင်သူ အနည်းငယ်သာ ရှိတာကို တွေ့ရှိရ ကြောင်း၊ အချောထည်လုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့် သင်ကြားပေးမည့် ကျောက်မျက်ရတနာသင်တန်းကျောင်းကိုလည်း တည်ဆောက်ပြီး သင်တန်းများ စတင်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ Gem Trading Center ကို တည်ဆောက်ထားပြီးလည်း ဖြစ်ပါ ကြောင်း၊ အချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်တဲ့ အခြေခံ အဆောက်အဦများ အဆင်သင့် အနေအထား ဖြစ်နေပြီဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ကျောက်စိမ်းထွက်သည့်နိုင်ငံ အနည်းငယ်သာ ရှိပြီး မြန်မာနိုင်ငံကထွက်သည့် ကျောက်စိမ်းသည် အရည်အသွေးနှင့်အရောင်တွင် အကောင်းဆုံး ဖြစ်ပါကြောင်း၊ ကျောက်စိမ်းဖြစ်စေသည့် ဘူမိအသွင်ပြောင်း ကျောက်ဖြစ်စဉ်က မြန်မာနိုင်ငံမှာ ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်တွေ့ရှိခြင်းဟာ ထူးခြားချက်တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းအချောထည် ထုတ်လုပ်ခြင်းရဲ့ အဓိကဈေးကွက်ဖြစ်အောင် ဖော်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ အခြေခံ အဆောက်အဦများ အသင့်ရှိပြီးဖြစ်လို့ ရှေ့တစ်လှမ်း တိုးပြီး ဖွံ့ဖြိုးတိုးတက်ဖို့ မူဝါဒနှင့် လုပ်ငန်းစဉ်များ မှန်ကန်စွာ ဖော်ထုတ်နိုင်ရန် အစည်းအဝေးများ ဆက်တိုက် လုပ်ဆောင်လာရာ ယခုဆိုလျှင် (၄)ကြိမ်မြောက် ရှိလာပြီဖြစ်ကြောင်း၊ ယခုအစည်း အဝေးမှာ မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်းမှ တာဝန်ရှိသူများ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေသူများ၊ ကျွမ်းကျင်သူများ ပါဝင်သဖြင့် မိမိတို့ တစ်ဦးတစ်ယောက်တစ်ဖွဲ့၏ အကျိုးအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ကျောက်စိမ်းအချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရင်းနှီးမြှုပ်နှံခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းနှင့် ပြည်တွင်းရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါရန် ဖိတ်ခေါ်အပ်ပါ ကြောင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှှိသူများက ကျောက်မျက်အချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့က လိုအပ်သည် များကို ဖြည့်စွက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

Admin

Admin

Top